ဝိုင်အမျိုးအစားများ
ဝိုင်အမျိုးအစားများ
ဝိုင်တွေဘယ်နှမျိုးလောက်ရှိပါသလဲ။ ၀ိုင်ဖြူ ၀ိုင်နီ ရိုစေးဝိုင် စသည်ဖြင့် ရေတွက်လို့ရပါသလား။ ဒါမှမဟုတ် Chardonnay, Riesling, Pinot Noir စပျစ်မတူတာတွေကို ရေတွက်ရတာလား၊ တံဆိပ်တွေကိုပဲ အမျိုးအစားအနေနဲ့ ရေတွက်ရတာလား စဉ်းစားဖူးကြမှာပါ။ တစ်ကယ်တော့ ၀ိုင်အမျိုးအစားကိုသတ်မှတ်ရာမှာ အထက်ပါ အချက်တွေကို အခြေခံတာမျိုးမဟုတ်ပဲ ၀ိုင်ချက်လုပ်တဲ့ နည်းလမ်းကွဲပြားမှုအပေါ်မှာသာ အခြေခံတာပါ။ ၀ိုင် အမျိုးအစား ၄မျိုးရှိပါတယ်။ အချို့က Organic Wine ကိုပါ ထည့်ရေတွက်ပြီး ၅ မျိုးလို့ ပြောကြပါတယ်။ လူသိနည်းတဲ့ Fortified နဲ့ Aromatized Wine တွေကို ဦးစားပေးရေးပါမယ်။
1. Still Wine
2. Sparkling Wine
3. Fortified Wine
4. Aromatized Wine
5. Organic Wine
2. Sparkling Wine
3. Fortified Wine
4. Aromatized Wine
5. Organic Wine
Still Wine
ကျွန်တော်တို့ အလွယ်တကူနဲ့ အများဆုံးတွေ့ရတဲ့ စပျစ်ထဲက သကြားဓာတ်နဲ့ တဆေးတို့ ရောနှောဓာတ်ပြုပြီး အချဉ်ဖောက် (Ferment) တဲ့ အဆင့်နဲ့တင် ထုတ်လုပ်ထားတဲ့ ၀ိုင်အမျိုးအစားပါ။ ဒီအမျိုးအစားအောက်မှာ ပုံမှန် ၀ိုင်ဖြူ၊ ၀ိုင်နီ၊ ရိုစေးဝိုင် တို့ပါဝင်ပါတယ်။ ကော့ညက်တို့ ဘရမ်ဒီတို့လို အရက်ပြင်းတွေရောပြီး တဆေး (yeast) ကို အလုပ်မလုပ်နိုင်စေတဲ့ အပြင်းဖောက်နည်း (Fortification) မသုံးတဲ့ အခြားသော သမရိုးကျနည်းနဲ့ချက်တဲ့ ၀ိုင်ချို (Dessert Wine) များလည်း Still Wine တွေပါပဲ။

Sparkling Wine
အမြှုပ်ဝိုင်တွေအားလုံးဖြစ်တဲ့ ရှန်ပိန်၊ Cava, Prosecco, Franciacorta, Asti, Sekt, Crement နဲ့ Sparkling Wine လို့ လေဘယ်တပ်သမျှ အကုန်လုံး Sparkling Wine မိသားစုထဲပါဝင်ပါတယ်။ Sparkling Wine တွေ အကြောင်း အသေးစိတ်ကို အောက်ပါ link မှ တဆင့် ကြည့်ရှုနိုင်ပါတယ်။

Fortified Wine
အထက်က Still Wine မှာ ပြောခဲ့သလိုပဲ သာမန်ဝိုင်ထဲကို စပျစ်နဲ့ချက်လုပ်တဲ့ အရက်ပြင်း (Brandy) တွေကို ရောထည့်ပေးပြီး အရက်ပါဝင်မှုနှုန်း မြှင့်တင်ကာ တဆေး (yeast) ကို အလုပ်မလုပ်နိုင်စေတဲ့ အပြင်းဖောက်နည်း Fortification နဲ့ ချက်တဲ့ ၀ိုင်တွေကို Fortfied Wine လို့ခေါ်ပါတယ်။ နာမည်ကြီးဝိုင်တွေကတော့ ပေါ်တူဂီထုတ် Port, အီတလီ စစ္စလီကျွန်းထုတ် Marsala, ပေါ်တူဂီ အနောက်တောင်ပိုင်းနားက Madeira ကျွန်းစု ကထုတ်တဲ့ Madeira, ဆိုက်ပရပ်စ်ရဲ့ Commandaria နဲ့ စပိန်ရဲ့ Sherry တို့ပါ။ Vermouth လို့ခေါ်တဲ့ ရနံ့မွှေးဝိုင် (Aromatized Wine) နဲ့ Rhone Valley ရဲ့ အပြင်းဖောက်နည်းနဲ့ချက်တဲ့ ၀ိုင်ချိုတစ်မျိုးဖြစ်တဲ့ Muscat de Beaumes de Venise တို့လဲ Fortified Wine မိသားစုထဲပါဝင်ပါတယ်။ အရက်ပါဝင်မှုနှုန်းကတော့ 18% ကနေ 22% လောက်အထိရှိတတ်လို့ အရက်တွေလောက်မပြင်းပေမယ့် သာမန်ဝိုင်တွေရဲ့ 13% - 14.5% တွေထက်တော့ သိသိသာသာ များပါတယ်။ ဒီဝိုင်တွေဟာ အချိုဓာတ်များတာကြောင့် ညစာစားအပြီး အချိုပွဲနဲ့တွဲဖက်ကာ အများဆုံး သောက်လေ့ရှိပါတယ်။ Port and Cheese ကတော့ လိုက်ဖက်တဲ့ တွဲဖက်မှုတစ်မျိုးပါပဲ။ Port ၀ိုင်က အနီရောင်ရှိတာကြောင့် အချို့က cheese ကို ၀ိုင်နီ (red wine) နဲ့လဲ လိုက်ဖက်မယ်အထင်ရှိတတ်ကြပါတယ်။ အမှန်ကတော့ Port ရဲ့ အချိုဓာတ်မျိုး ၀ိုင်နီမှာ မရှိတာနဲ့ ၀ိုင်နီ ရဲ့ tannin နဲ့ cheese ရဲ့ အငန်ဓာတ် အဆင်မပြေတာကို သတိပြုရပါမယ်။ ချွင်းချက်အနေနဲ့ Sherry ကတော့ Dry ဖြစ်လို့ ညစာမတိုင်ခင် Aperitif အနေနဲ့ မြေပဲစားလှော်လေးနဲ့ သောက်ကြပါတယ်။

Aromatized Wine
အပေါ်မှာပြောခဲ့သလို ဒီဝိုင်တွေဟာ Fortified Wine အမျိုးအစားတွေပါပဲ။ မတူတဲ့အချက်ကတော့ ဒီဝိုင်တွေကို ရနံ့မွှေးအောင် အသီးခြောက်နံ့တွေ၊ သစ်ဥသစ်ဖုနံ့တွေပါဝင်အောင် အနံ့ထည့်ပြီး ထုတ်လုပ်တာပါ။ ဒီအမျိုးအစားထဲမှာပါဝင်တဲ့ လူသိများတဲ့ အချို့ဝိုင်တွေကတော့ Martini, Cinzano, Nolly Prat နဲ့ Carpano တံဆိပ်တွေနဲ့ထုတ်လုပ်တဲ့ Vermouth တွေပါပဲ။ Wormwood လို့ခေါ်တဲ့ Artemisia absinthium အပင်ကို အခြားသော အနံ့မွှေးစေတဲ့ သစ်ဥသစ်ဖု တွေနဲ့ ရောစပ်ပြီး Vermouth ကို ရနံ့မွှေးစေပါတယ်။ အဖြူ၊အနီ နဲ့ Dry ဆိုပြီး လာပါတယ်။ အဖြူနဲ့ အနီကို ရေခဲတုံးထည့်ပြီး (on the rocks) သောက်တတ်ကြသလို Dry ကိုတော့ ဂျိမ်းစ်ဘွန်းရဲ့ နာမည်ကျော် Martini ကော့ခ်တေးလ်မှာ အသုံးများပါတယ်။ ညစာစားပွဲတွေမတိုင်ခင် ညနေခင်းတွေမှာ ကနဦး သောက်လေ့ရှိပါတယ်။ Aromatized Wine တွေရဲ့ အရက်ပါဝင်နှုန်းကတော့ 14.5% အနိမ့်ဆုံးနဲ့ 22% အမြင့်ဆုံး ရှိရပါတယ်။

Organic Wine
ဒီဝိုင်ကို ထုတ်လုပ်ရာမှာ သတ်မှတ်ထားတဲ့ စံနှုန်းများနဲ့ စိုက်ပျိုးခဲ့တဲ့ သဘာဝ စိုက်ခင်းက စပျစ်တွေကိုသာ အသုံးပြုရပါတယ်။ သတ်မှတ်ချက်တွေအနေနဲ့ ဓတုပစ္စည်းပါဝင်တဲ့ ဓာတ်မြေသြဇာ၊ အထွက်နှုန်းတိုးဆေး၊ ပိုးသတ်ဆေး စတဲ့ အရာများကို အသုံးချခွင့် မရှိပါဘူး။ ကြာရှည်ခံအောင်လဲ တစ်ခြားဝိုင်တွေလို ဆာလ်ဖာ (Sulphur) သုံးလို့မရပါဘူး။ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ထုတ်လုပ်ရတာကြောင့် ကျန်းမာရေးအတွက် ပိုသင့်တော်တယ်ဆိုတဲ့ အတွေးနဲ့ Organic Wine သောက်သုံးမှုနှုန်းက တစ်နှစ်ထက်တစ်နှစ် များများလာနေပြီး တိုးတက်မှုနှန်းက ၄ ရာခိုင်နှုန်းလောက်ရှိနေပါတယ်။ တစ်ကမ္ဘာလုံးမှာ Organic Wine ထုတ်လုပ်သူပေါင်း ၂၀၀၀ကျော်ရှိပြီး ပြင်သစ်တစ်နိုင်ငံထဲတင် ၉၀၀ ကျော်ရှိပါတယ်။

18th Nov 2017
Comments
Post a Comment